ဆီးသွားရခက်နေရတာ ဒီအချက်တွေကြောင့်ပါ
ဆီးသွားရင် နာကျင်သလိုလို ဆီးကျန်သလိုလို ခံစားနေရပြီး ဆီးသွားရခက်နေပြီလား။ ဆီးပေါက်ဖို့ ခက်တာမျိုးတွေ ခက်နေလို့ ဆီးသွားရမှာကို စိုးထိတ်နေရပြီဆိုရင် ဘာကြောင့်များ ဆီးသွားရခက်နေတာလဲ ဆိုတာကို သေချာ သိနိုင်ဖို့အတွက် အဖြေရှာဖို့ လိုပါမယ်။
ဆီးသွားရခက်တယ်ဆိုတာက ဆီးစသွားဖို့ ခက်သလို ဆီးကျန်နေတာ၊ ဆီးပေါက်နေရင်း မျက်ရည်ကျလောက်တဲ့အထိ နာကျင်ရတဲ့ အခြေအနေ စသဖြင့် အမျိုးမျိုး ဖြစ်နိုင်သလို ဒီအခြေအနေတွေကို ဆီးက အရောင်ပြောင်းနေတာမျိုး ပုံမှန်ထက် အနံ့ပြင်းနေတာမျိုးနဲ့လည်း တွဲတွေ့ရနိုင်ပါတယ်။
ဆီးသွားရခက်တာကို အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရနိုင်ပေမယ့် အမျိုးသားတွေမှာတော့ ပိုအဖြစ်များပါတယ်။ အမျိုးသမီးတွေမှာကတော့ ဆီးသွားရခက်တာ အတွေ့ရနည်းပြီး ဆီးမထိန်းနိုင်တာက အဖြစ်များပါတယ်။
ဆီးသွားရခက်ရစေတဲ့ အကြောင်းအရင်းတွေကတော့ -
ဆီးကျိတ်ကြီးနေတာ
အမျိုးသားတွေမှာတော့ ဆီးကျိတ်က ရောင်နေတာ ဆီးကျိတ်ကြီးနေတာတွေ ကို ခံစားရမယ်ဆိုရင် ဆီးကျိတ်က ဆီးစွန့်ပြွန်နဲ့ ဆီးအိမ်ပေါ်မှာ ပိမိနေပြီး ဆီးသွားရခက်တာမျိုး ဖြစ်စေနိုင်ပါတယ်။
ဆီးစွန့်ပြွန်မှာ အမာရွတ်တစ်ရှူးတွေ ရှိနေတာ
ဆီးစွန့်ပြွန်မှာ အမာရွတ် တစ်ရှူးတွေ ရှိနေမယ်ဆိုရင်လည်း ဆီးသွားရခက်တာ ဆီးလုံး ပုံမှန်ထက် သေးတာမျိုးတွေ ခံစားရနိုင်ပါတယ်။
ဆေးဝါးတွေ
စိတ်ကျရောဂါသောက်ဆေး၊ နှာစေးသက်သာစေတဲ့ ဆေးတွေလိုမျိုး ဆေးတွေကို သောက်သုံးနေရတာကလည်း ဆီးသွားရခက်တာ ဆီးကျန်သလို ခံစားတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
အာရုံကြော ပြဿနာ
အာရုံကြော အားနည်းတာ အပါအဝင် အာရုံကြောမှာ ပုံမှန် မဟုတ်တဲ့ အခြေအနေ တစ်ရပ်ရပ်ကို ခံစားနေရတာ၊ ထိခိုက်မှု တစ်ခုခုကြောင့် အာရုံကြော ထိခိုက်သွားတာတွေကလည်း ဆီးသွားရခက်စေနိုင်ပါတယ်။
သားအိမ်ကျွံတာ
အမျိုးသမီးလေးတွေမှာ သားအိမ်ကျတာ သားအိမ်ကျွံတာတွေက ဆီးအိမ်ကို ဖိမိပြီး ဆီးသွားရခက်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။
တင်ပဆုံ ကြွက်သား အားနည်းတာ
တင်ပဆုံ ကြွက်သားအားနည်းတာ၊ ထိခိုက်မိတာတွေကလည်း ဆီးသွားရခက်တာကို ခံစားရစေနိုင်ပါတယ်။
ဆီးသွားရ ခက်နေတာက အချိန်ကြာနေပြီ တော်တော်နဲ့ မသက်သာဘူးဆိုရင်တော့ အထက်ဖော်ပြပါ ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်နေနိုင်တာကြောင့် ကျွမ်းကျင်ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။
မွန်မွန်